၉ ဧပြီ ၂၀၂၁
အင်္ဂလန်သံရုံးမှာ သံအမတ်အပြင်သွားတုန်း စစ်သံမှူးကအာဏာသိမ်းလိုက်သည်ဆိုပဲ။
မြန်မာပြည် စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်းတွင် သတင်းတွေကထူးပြီး မဆန်းသလိုမျိုးလား။ ဆန်းပြီး မထူးသလိုမျိုးလား ဖြစ်ရသည်။ သိပ်ရင်ခုန်စရာကောင်းသည့် သတင်းတော့မဟုတ်ပါ။
သို့သော် ဒီသတင်းစကြားတော့ ကျနော်တချိန်လုံး လိုက်ရှာနေသည့် ဆက်ထုံးမှာ အဲသည်အဖြစ်အပျက်နှင့် လုံခြုံရေးကောင်စီကြားက အဆက်အစပ် ဘာဖြစ်နိုင်သလည်းဆိုတာပဲဖြစ်သည်။
စစ်အာဏာရှင်ပြုတ်ကျရေးကုလလုံခြုံရေးကောင်စီ ငါးနိုင်ငံတွင် တရုတ်နဲ့ရုရှားက စစ်ကောင်စီကိုနောက်ကထောက်ပံ့နေပြီး အမေရိကန်၊ အင်္ဂလန်နှင့် ပြင်သစ်က မြန်မာ့ဒီမိုကရေစီရေးဘက်က ပြတ်ပြတ်သားသား ထောက်ခံအားပေး နေတာပဲဖြစ်သည်။
ပြီးခဲ့တဲ့ တရက်၂ရက်က ကျနော်တခုရေးခဲ့သည်။ အဲဒါက တိုင်းရင်းသား လက်နက်ကိုင်တွေ ဘက်ကြည့်လျှင် မြန်မာဒီမိုကရေစီဆိုသည်ကအရေးမကြီး၊ ဖက်ဒရယ်ဆိုတာက အရေးကြီးနေတာမျိုးဖြစ်သည်။
မြန်မာမှာ ဘာအစိုးရတက်တက် သူတို့ဘက်က ဖက်ဒရယ်တကယ်ရဖို့ လိုသည်။ ဒါပေမယ့် နိုင်ငံတကာဘက်ကကြည့်တော့ CRPH နဲ့ EAO တွေနဲ့ ဖက်ဒရယ် သဘောတူညီချက်ရတာ မရတာက အဓိကမဟုတ်။
လောလောဆယ် မြန်မာလူထုရဲ့ ဒီမိုကရေစီရေး တိုက်ပွဲဝင်မှုဖြစ်သည်။ ဒါကို အားပေးနေတာဖြစ်သည်။ စစ်တပ်ကိုမြန်မာလူထုက ဘယ်လိုမှလက်မခံနိုင်တော့လို့ သေမှာ မကြောက်ပဲ တိုက်ခိုက်နေတာကို ယုံကြည်လေးစားနေကြတာဖြစ်သည်။
အမေရိကန်ရဲ့ မြန်မာသံအမတ်ဟောင်း ပြောသည့်စကားကဒါပဲဖြစ်သည်။ မြန်မာလူထုရဲ့ စစ်အာဏာရှင်ကို အစွမ်းကုန်ဆန့်ကျင်နေသည့် အသံကိုနားထောင်ပါဆိုတာဖြစ်သည်။
ဒီတော့ တိတိကျကျပြောပါဆို နိုင်ငံတကာက မြန်မာလူထုရဲ့ အသေခံတိုက်ပွဲဝင်နေတဲ့ သဘောကိုနားလည်ထားတာက စစ်အာဏာရှင်ပျက်သုန်းရေးဖြစ်သည်။ ဒီတော့ လက်ရှိအကျပ်အတည်းတွင် အမျိုးသားညီညွတ်ရေးအစိုးရကို မဖွဲ့နိုင်သေးဘူးဆိုပါက ကျနော်တို့ ကိုင်စွဲရမည့် သဘောတရားမှာ စစ်အာဏာရှင်ပြုတ်ကျရေးဖြစ်သည်။ ဖက်ဒရယ်ပြည်ထောင်စုမဟုတ်သေး။
အင်္ဂလိပ်နဲ့ ပြင်သစ်လုံခြုံရေးကောင်စီ ငါးနိုင်ငံကိုပြန်ပြောချင်ပါသည်။ အင်္ဂလန်နိုင်ငံခြားရေးဝန်ကြီး ဒိုမင်းနစ်ရပ်ဘ် အင်ဒိုနီးရှား ကိုပြီးခဲ့တဲ့၂ရက်ကသွားသည်။ သတင်းတွေမှာ ပစ္စဖိတ်ပူးပေါင်းဆောင်ရွက်ရေး (TPP – Trans-Pacific Partnership) ဆိုတာတွေ တွေ့ရသည်။
တကယ်က TPP ဆိုတာ ဗြိတိန်ကမကထပြုလုပ်ထားသည့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမဟုတ်။ ခေါင်းစဥ်တပ်ထားတာသာဖြစ်သည်။ အင်္ဂလန်သည် လတ်တလော တွင် လုံခြုံရေးကောင်စီက မြန်မာ့အရေးကို အထွေထွေညီလာခံကိုသွားဖို့ ဦးဆောင်ခဲ့သူဖြစ်သည်။ ပြီးခဲ့တဲ့ လုံခြုံရေးကောင်စီတွင် နိုင်ငံကြီးတွေကြား မြန်မာ့အရေးနှင့်ပတ်သက်ပြီး အစည်းအဝေးတွင်မဟုတ်ပဲ ကော်ဖီခွက်ကိုင်ပြီး အလွတ်သဘော ဘာတွေတိတိကျကျပြောခဲ့ကြသလည်း မသိရပါ။
အင်္ဂလန်နိုင်ငံခြားရေးဝန်ကြီးက အင်ဒိုနီးရှားရောက်လာသည်။ တရုတ်ကအာစီယံထဲက ၄ နိုင်ငံကို သူ့ဆီ ဖိတ်သည်။ ပြင်သစ်က Quad 4 နိုင်ငံစစ်ရေးလေ့ကျင့်ရေးထဲကို နောက်ဆုံးအချိန်ရောက်မှ ဝင်ရောက် လာသည်။
ကျနော်ဘာသာပြန်ကြည့်တာကတော့ လုံခြုံရေးကောင်စီတွင် မြန်မာလူထုဘက်မှ အမေရိကန်၊ ပြင်သစ် နှင့် အင်္ဂလန်တွင် အင်္ဂလန်က သံတမန်အခင်းအကျင်းကိုအားပြုလာပြီး၊ ပြင်သစ်က စစ်ရေးလေ့ကျင့်မှုဘက် ပူးပေါင်းလာခြင်းဖြစ်သည်။ အမေရိကန်က နောက်ကနေပြီး ၂ခုစလုံးကိုတွန်းမည်။ ကနေ့ ကုလအထူးသံတမန် ခရစ်စတင်းဘာဂျင်နာ ဘန်ကောက်ကိုရောက်သည်။
တိုက်ဆိုင်မှုတွေလို့ မပြောကြပါနှင့်။မြို့ပြစစ်က သံတမန်အခင်းအကျင်းကိုစောင့်ဖို့အချိန်မရ ကျနော်ရှေ့မှာ တခုပြောခဲ့ဖူးပါသည်။ ကုလတွင် လိုင်း ၂ လိုင်းရှိရာ ဒီပလိုမေစီလိုင်းကို ခရစ်စတင်း ဘာဂျင်နာ က ဦးဆောင်မှာဖြစ်ပြီး၊ တစုံတရာဖိအားပေးလုပ်ကိုင်ဆောင်ရွက် (စစ်ရေးအပါ) ရမည့်ကိစ္စကို ကုလအထူးကိုယ်စားလှယ် အင်ဒရူးက လုပ်မည်ဖြစ်သည်။ ဘာဂျင်နာက သေဆုံးသွားတဲ့ လူငယ်လေးတွေရဲ့ မိဘတွေရှေ့မှာ ကျမဘယ်လိုမျက်နှာမျိုးနဲ့ စေ့စပ်ညှိနှိုင်းရေးစကားကိုပြောရမလည်းလို့ ဆိုခဲ့ဖူးပါသည်။
ဒီတော့ လက်ရှိသူမခရီးစဥ်က စကားပြောတွေအများကြီးပါသည့် ဇတ်လမ်းတွဲရဲ့ နောက်ဆုံးအပိုင်းဖြစ်ဖို့ ရှိနေသည်။ ဒီအပိုင်းကို အင်္ဂလန်ကလိုက်ပါပံ့ပိုးနေသည်။ တချိန်တည်းမှာ မေးခွန်းတခုလည်းမေးမည်။ ဒီစေ့စပ်မှုကနေမင်းတို့ဘာတွေလုပ်နိုင်မလည်း လုပ်ကြမလည်းဆိုတာပဲဖြစ်သည်။
ဆိုတော့ အာစီယံလိုင်းကို ယူအင်ဘက်ကစောင့်ကောင်းစောင့်နေနိုင်သည်။ အစီအစဥ်မှာ အာစီယံ၊ အထွေထွေညီလာခံ၊ ပြီးတော့ ပြင်သစ်ကို အမေရိကန်တင်ပေးထားတဲ့လိုင်းဖြစ်ပါသည်။ ဟုတ်ကဲ့ အာစီယံ အီးယောင်ဝါးပြီး အထွေထွေညီလာခံက R2P မထွက်လာခဲ့ရင် နောက်ဆုံးဘူတာကို ဆိုက်ရောက်ရမှာပဲ ဖြစ်သည်။
ဒီလိုင်းကကွက်ပျောက်ဖြစ်နေပြီး တဘက်တွင် လူထုကစိတ်ဝင်စားနေတာက ဖက်ဒရယ်တပ် ဆိုတာပဲ ဖြစ်သည်။တပ်က အစိုးရဖွဲ့ပြီးမှဖြစ်လာနိုင်တာမျိုးဖြစ်သည်။ တကယ်လို့ ဖက်ဒရယ်ကိုအခြေခံသည့် အစိုးရ မဖွဲနိုင်လျှင်လည်းကိစ္စမရှိပါ။ စစ်အာဏာရှင်ပျက်သုန်းရေးကို အဓိကအာရုံစိုက်နိုင်မည့် အစိုးရမျိုးကို စဖွဲ့ဖို့လိုပါသည်။
CRPH က အစိုးရတရပ်အနေနဲ့ ဘယ်မှာရုံးစိုက်မည်နည်း။ လွတ်လပ်သည့် နယ်မြေတခုကို ဘယ်မှာတည်ထောင်မည်နည်း။ အဲသည်နယ်မြေကိုလာမည့် ပျောက်ကြားတပ်တွေကို ဘယ်လိုပြုစု ပျိုးထောင်မည်နည်း။ အဲသည်ပျောက်ကြားတွေက နောင်ဖက်ဒရယ်ရဲ့ အမြုတေတပ်တွေ ဖြစ်လာမည်လား။ လက်တွေ့ကြသည့် ရွေးချယ်မှုများကို ပြတ်သားစွာရွေးချယ်ကြဖို့ဖြစ်သည်။
ဖက်ဆစ်တွေကတော့ ကလေး၊ တန့်ဆည် နှင့် ပဲခူးမြို့များကို စစ်ဆင်ရေးကြီးများဝင်သလို နှိမ်နှင်းတိုက်ခိုက် နေပြီဖြစ်သည်။ ကျနော်တို့ လတ်တလော တကယ်လိုနေတာက အာ၂အာ (အာစီယံနှင့် အာတူးပီ) ဆိုတာထက် ငွေ၊ လက်နက်၊ မြို့ပေါ်ပျောက်ကြားနှင့် ပျောက်ကြားကို ဦးဆောင်ကူညီမည့် မြေအောက်တော်လှန်ရေးဝင်ပေးသည့် တပ်တခုစရှိဖို့လိုသည်။
ဘယ်တပ်ကအဖြစ်နိုင်ဆုံးဖြစ်မည်နည်း။ အာ၂အာ စီစဥ်တာနှင့်အပြိုင် လမ်းပေါ်ကဘဝတွေနဲ့အတူ ရုန်းကန်တိုက်ခိုက်နိုင်သူတွေရှိဖို့လိုသည်။
လုပ်စရာတွေက အပြိုင်ဖြစ်သည်၊ တခုပြီးမှတခုမဟုတ်ပါ။
ခရက်ဒစ် – ဆရာကျော်ဇောခိုင်