ဆောင်းပါး – ၃ ဧပြီ ၂၀၂၁

၃ ဧပြီ ၂၀၂၁

Credit: Photo

စစ်တပ်အာဏာမသိမ်းမီ မြန်မာနိုင်ငံရေး၏ ပင်မရေစီးသဘောတရားမှာ အမျိုးသားပြန်လည်သင့်မြတ်ရေး ဖြစ်ပြီး ထိုသဘောတရားအတိုင်းကစားသော ဂိမ်း၏ စည်းမျဥ်းမှာ ၂၀၀၈ အခြေခံဥပဒေဖြစ်သည်။

အာဏာမသိမ်းခင်အနေအထား စစ်တပ်မှ ၂၀၂၁ ဖေဖော်ဝါရီ ၁ရက်နေ့တွင်အာဏာမသိမ်းမီတွင် စစ်တပ်တွင်းတွင်ပင် ဆွေးနွေးရသည်ဟု ယူဆရသည်မှာ အာဏာသိမ်းလျှင် ခြေဥဖျက်သိမ်းမလား၊ ခြေဥမဖျက်ပဲ အာဏာလွှဲပြောင်းယူသည်ဟု လုပ်မလားဆိုတာပဲဖြစ်သည်။

နောက်တော့ စစ်တပ်ဘက်ကခန့်ထားသော ဒုသမ္မတက သမ္မတနေရာ ဝင်ယူပြီး အာဏာလွှဲသည်။ ဒါက ခြေဥ ၂၀၀၈ နဲ့ ဘယ်လိုမှမညီ။

အာဏာသိမ်းပြီး စစ်ကောင်စီဖွဲ့ထားသည့် အနေအထားသည် ၂၀၀၈ ခြေဥကို ချောင်လို့ ယူသုံးထားသည့်သဘောဖြစ်သည်။ ၂၀၀၈ ပျက်မှန်း သူတို့လည်းသိသည်။ ခြေဥကို ဘာလို့စစ်တပ်ကထိမ်းထားချင်ရသနည်း။

အဓိက၂ ချက်ရှိသည်။ ခြေဥသည် သူတို့ရဲ့ စစ်တပ်တွင်း လုပ်ပိုင်ခွင့် (Authority)ကို အပြည့်အဝပေးထားသည်။ ထိုလုပ်ပိုင်ခွင့်အတိုင်း ထင်ရာစိုင်းသည့် ပစ်မှုများ အားလုံးကို လွတ်ငြိမ်းခွင့် (Impunity) လည်းရထားသည်။ သို့သော် သူတို့အကြိုက် တချက်မလိုက်လျော သောအခါ စစ်အာဏာထသိမ်းသည်။

အာဏာသိမ်းပြီးနောက်အာဏာသိမ်းပြီးပြီးချင်းတော့ အံ့အားသင့်သလိုဖြစ်ကြ စိတ်ပျက်ဝမ်းနည်းကြ ယူကျူံးမရဖြစ်ကြရမည် ထင်သည်။ စစ်တပ်သည် တဘက်ပိတ်မပြန်လမ်းကိုမောင်းသွားခြင်းဖြစ်သည်။ ကျနော်တို့ နားလည် ရမည်မှာ ဇတ်လမ်းစကတည်းက ၂၀၀၈ခြေဥနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး ပြီးဆုံးသွားပြီဆိုသည့် အချက်ဖြစ်သည်။

ထပ်တိကျအောင်ပြောရမည်ဆိုလျှင် ၂၀၀၈ခြေဥက စစ်ကောင်စီအနိုင်ရသွားလျှင် ပြန်လည်လာနိုင်သေးသော်လည်း အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတာကတော့ မရှိတော့။ စစ်တပ်ကအာဏာသိမ်းပြီးသွားချိန် လောလောလတ်လတ်ရက်တွေမှာ ကျနော်တို့ ဘာကိုမျှော်လင့်ခဲ့ကြ သနည်း။

အနိုင်ရပါတီအရေးပါသည့်ပုဂ္ဂိုလ်တွေကို အင်တာဗျူးသည့်အခါ လာခေါ်ရင်လိုက်သွားကြဖို့ ပြင်ထားသည်ဆိုသည်။ ရွေးကောက်ခံ ကိုယ်စားလှယ်တွေက အထုပ်အပိုးတွေ ဓါတ်ပုံရိုက်တင်ကြသည်။ လိုက်တွေထောင်ချီရကြသည်။ ဒါတွေက ဘာကိုဖော်ပြသနည်း။

အမျိုးသားပြန်လည်သင့်မြတ်ရေးလှိုင်းမူး မပြေကြသေးခြင်းဖြစ်သည်။ အဖမ်းခံတာအဖြေမဟုတ်၊ လွတ်မြောက်နေမှတိုက်ပွဲဝင်နိုင်မည်ဆိုတာကို မကြည်လင်ခဲ့ကြ။ နောက်ရက်များတွင်လည်း လမ်းပေါ်ထွက်ဆန္ဒပြသူတွေကို ဇဝေဇဝါနှင့် ထိုင်ကြည့်နေခဲ့ ကြသည်။ ဂိမ်းစည်းမျဥ်းပျက်သွားပြီ၊ သဘောတရားပြောင်းသွားသည်ကို အလျှင်အမြန်မဖမ်းဆုပ်နိုင်ခဲ့ကြ။

လူထုတိုက်ပွဲ (စီဒီအမ်၊ သပိတ် နှင့် သံပုံးတီး) နှင့် CRPHကံကောင်းထောက်မစွာ CRPH ပေါ်လာသည်။ ၂၀၂၀ ရွေးကောက်ပွဲ၏ အသီးအပွင့်သည် ပျက်စီးမသွား၊ တရားဝင်ခွင့်တိုက်ပွဲအတွက် ကိုယ်စားပြုနိုင်သည့် အဖွဲ့အစည်းထွက်ပေါ်လာပြီဟု ဝမ်းမြောက်ရသည်။

သို့သော် တရားဝင်ခွင့်သည် ရုံးလုပ်ထုံးလုပ်နည်းဖြစ်သည်။ စာရွက်တွေပေါ်မှာစကားပြောရသည်။ ကြေညာချက်တွေထုတ်ရသည်။ ဖုန်းတွေဆက်ရသည်။ အစည်းအဝေးတွေတက်ရသည်။ ဒါတွေကို လူထုတိုက်ပွဲနှင့် ပေါင်းစပ်နိုင်လျှင်အောင်မြင်မည်။

ဒီတော့ ပေါ်လာသည့် သဘောတရားက တရားဝင်မှု တိုက်ပွဲနှင့် လူထုတိုက်ပွဲဖြစ်သည်။ CRPH ကရှင်းသည်။ လွှတ်တော်ကိုယ်စားပြုကော်မတီ၊ လွှတ်တော်အမတ်မဟုတ်ရင် ဖြစ်လို့မရ၊ လူထုတိုက်ပွဲကတော့ ကျယ်ပြန့်သည်။ ဂျင်းဇီတွေရဲ့ ခေါင်း‌ဆောင်မှုမဲ့သဘောတရားနဲ့ အောင်မြင်ခဲ့တော့ လူထုတိုက်ပွဲကို ဦးဆောင်မှုပေးလိုသည့် အဖွဲ့အစည်းများအသံထွက်လာသည့်အခါ လူများစုက သဘောမတူကြ။ တော်လှန်ရေးကို အပိုင်စီးလိုသည်ထင်ကြသည်။

ပြန်စဥ်းစားကြည့်လျှင် လူထုတိုက်ပွဲ အားလုံး (စီဒီအမ်၊ သပိတ်နှင့် သံပုံးတီး) သည် CRPH အရင်မွေးဖွားလာတာဖြစ်သည်။ လူထုတွင်းက ပေါက်ဖွားလာတဲ့ လှုပ်ရှားမှုတွေဖြစ်သည်။ တကယ်စစ်တပ်ကဖိနှိပ်လာလျှင် တချိန်မှာခုခံစစ်၊ ပျောက်ကြားစစ်တွင် အဆိုပါ ဦးဆောင်မှုပေးမည့် အဖွဲ့အစည်းသမားတွေက အသုံးဝင်လာနိုင်သည်ဆိုတာကို ထဲ့မတွက်ခဲ့ကြ။ သို့သော် အချိန်တချိန်ရောက်တော့ လှုပ်ရှားမှုတွေကို ဒီအတိုင်းသွားလို့မရ။ ခေါင်းဆောင်မှုလိုလာသည်။ အထူးသဖြင့် စစ်တပ်ကဖိနှိပ်တိုက်ခိုက်လိုက်သည့်အခါ စနစ်တကျတန်ပြန်ဖို့ သတိထားဖို့လိုသည်မှာ သပိတ်ပုံစံမျိုးတွေအထိက ပြဿနာမရှိ၊ နောက်ပိုင်းပီပြင်လာမည့် မြေအောက်နှင့် မြို့ပေါ်ပျောက်ကြား (urban warfare) တွေကို တကယ်နားလည်တဲ့သူတွေကသာ ဦးဆောင်မှုပေးနိုင်မည် ဖြစ်သည်။

မြန်မာပြည်မှာ လက်နက်ကိုင်တော်လှန်ရေးကို ဘယ်သူတွေလုပ်ခဲ့ဖူးသနည်း။ နည်းနာကို ဘယ်ကယူရ မည်နည်း။ CRPH က ဒီလှုပ်ရှားမှုတွေကို တိုက်ရိုက်ဦးဆောင်လိုလျှင် အဖွဲ့အစည်းကို ကျယ်ပြန့်အောင် လုပ်ရမည်။ ဒါကြောင့် CRPH ကို ပါတီအခြေခံမှ လူထုအခြေခံကိုကူးပြောင်းဖို့ တောက်လျှောက် အကြံပြုခဲ့ခြင်းဖြစ်သည်။

ကျနော် ချေးခြောက်ရေနူးနေခြင်းမဟုတ်ပါ။ ရှေ့ဆက်လွတ်လပ်စွာတွေးခေါ်ကြဖို့ အကြံပြုလိုခြင်းသာ ဖြစ်သည်။ ကျနော်တို့ မစားရဝခမန်းတွေလျှောက်ရေးနေ၊ ပြောနေရုံနဲ့ ခေါင်းဆောင်တွေပြန်လွတ် လာကြမည် မဟုတ်ပါ။ ကျနော်တို့ လွတ်လွတ်လပ်လပ်တွေးပြီး ထက်ထက်မြက်မြက်တိုက်ပွဲဝင်နိုင်မှသာ ခေါင်းဆောင်တွေမြန်မြန်ပြန်လွတ်ပါမည်။ စစ်အာဏာရှင်ပြိုလဲပါမည်။

ဖေဖော်ဝါရီလကုန်သည် တော်လှန်ရေးပထမအဆင့်အောင်မြင်ပြီး၊ သဘောတရားသည် စစ်အာဏာရှင် အမြစ်ပြတ်ရေးဖြစ်သည်။ ပါတီအခြေခံမှ လူထုအခြေခံသို့ ကူးပြောင်းရမည့် အချိန်ဖြစ်သည်။ ခြေဥကို တရားဝင်ဖျက်သိမ်းပြီး ၂၀၂၀ရွေးကောက်ပွဲရလဒ်မှ အမျိုးသားညီညွတ်ရေးအစိုးရဆီသို့ ကူးပြောင်းနိုင်သည့် အချိန်အခါကောင်းဖြစ်သည်။ (ကျနော်ရေးခဲ့သည့် ဖေဖော်ဝါရီ ၂၆၊ ၂၇ နှင့် ၂၈ သုံးရက်၏ ပို့စ်များ စိတ်ဝင်စားသူများ ပြန်ဖတ်ကြစေလိုသည်)။

ကျနော်တို့ နှောင့်နှေးခဲ့ကြသော်လည်း ခုအချိန်ကိုတော့ မဖင့်စေလိုတော့။ အကောင်းဆုံးဖြစ်အောင်ပေါင်းစည်းကြဖို့ဖြစ်သည်။ အမျိုးသားညီညွတ်ရေးအစိုးရအမျိုးသားညီညွတ်ရေးအစိုးရကို ‌ရောက်မှ မြန်မာနိုင်ငံရေးသည် စစ်အာဏာရှင် ဖျက်သိမ်းရေးကို လက်နက်ကိုင်တော်လှန်ရေးနှင့် ဖြေရှင်းရမည်ကို လက်ခံလိုက်ခြင်းဖြစ်သလို အဆင်သင့်ပြင်လိုက်ခြင်း လည်းဖြစ်သည်။ နိုင်ငံရေးရည်မှန်းချက်က ဖက်ဒရယ်ပြည်ထောင်စုသို့ ရောက်ရှိသွားခြင်းလည်းဖြစ်သည်။

တနည်းဆိုရသော် ၂၀၂၀ ရွေးကောက်ခံကိုယ်စားလှယ်တွေနဲ့ပဲ အစိုးရဖွဲ့အလုပ်လုပ်လို့ မရတော့ဘူးဆိုသည့် သဘောဖြစ်သည်။ ဒါကို အစာကြေဖို့လိုပါသည်။ ဒါက CRPH ၏အားဖြစ်သည့် ရွေးကောက်ခံအမတ်များ၊ ပြည်သူလူထုစုပုံထောက်ခံထားသူများနဲ့ နိုင်ငံတကာထောက်ခံမှုကို မျက်ကွယ်ပြုခြင်းမဟုတ်ပါ။

ခုအနေအထားအထိရောက်လာအောင် CRPH ၏ ရုန်းကန်လှုပ်ရှားမှုများကိုလည်း အသိအမှတ်မပြုလိုတာလည်းမဟုတ်ပါ။ တိုင်းရင်းသားတွေဘက်ကကြည့်လျှင် ယခုအချိန်ကအချိန်ကောင်းဖြစ်သည်။ ဘယ်တိုင်းရင်းသားတပ်နဲ့ ဖက်ဆစ်တပ်တိုက်တိုက် ပြည်သူလူထုက တိုင်းရင်းသားတပ်တွေကိုပဲ ထောက်ခံမှာဖြစ်သည်။

စစ်တပ်က မြို့ပေါ်ပျောက်ကြားနှင့် သပိတ်ခုခံစစ်တွေကို ရင်ဆိုင်နေရသည့်အချိန်တွင် အချိန်ကိုက်တိုက်ပွဲဝင်ဖို့ ဖြစ်သည်။ တိုင်းရင်းသားတွေဘက်ကလည်း အင်စီအေထိုးထားသည့်တပ်တွေက အင်စီအေကို စောင်းငဲ့ကြည့်လိုကြတာတွေ့ရသည်။ အင်စီအေသည် ၂၀၀၈ခြေဥနှင့် သဘောတရားအတူဖြစ်သည်။

ပါတီတွေကိုခြေဥပေးထားပြီး တပ်တွေကိုအင်စီအေထိုးခိုင်းခြင်းဖြစ်သည်။ အင်စီအေသည်လွှတ်တော်နဲ့ ပူးပေါင်းအလုပ်လုပ်သွားရသည့် နေရာတွေရှိသည်။ ခုဘယ်လွှတ်တော်နှင့် အလုပ်လုပ်မည်နည်း။ ၂ဘက်စလုံးက တဦးကိုတဦးလိုအပ်နေတာဖြစ်သည်။ ပေါင်းသည့်အခါ အလျော့ပေးမှုကို အခြေခံပြီး ပေါင်းဖို့ဖြစ်သည်။

ကျနော် တခုနမူနာပေးဖူးသည်။ လူ၂ယောက် ၁ကနေ၁၀အတွင်း ဂဏန်းတခုစီရွေး၊ သူတို့ရွေးထားတဲ့ ဂဏန်း၂ခုပေါင်းလို့ ၁၀နဲ့အောက်ဆိုလျှင် ကိုယ်ပေးထားသည့်နံပါတ်ကို ဆုအဖြစ် ပြန်ရမည်။ ၁၀နှင့်အထက်ဆိုလျှင် ၂ယောက်စလုံးဘာမှမရ။ ဒီတော့ တဘက်ဘက်က လောဘမကြီးဖို့ ဖြစ်သည်။ တယောက်က ၇ လိုချင်ပြီး နောက်တယောက်ကို ၂ ယူစေချင်လို့ မရ။ အကောင်းဆုံးက တယောက်က ၅ နဲ့ တယောက်က ၄ ရွေးမိကြဖို့ဖြစ်သည်။

ညီတူညီမျှရနိုင်ဖို့တော့မလွယ်၊ အမျိုးသားညီညွတ်ရေးအစိုးရအတွက် သ‌ဘောတရားက တရားမျှတမှု (Justice) ကိုအခြေခံဖို့ဖြစ်သည်။ ညီညီမျှမျှရသည့် (Equality) ဖြစ်ချင်မှဖြစ်ပါမည်။ ဥပဒေ နိုင်ငံရေး စစ်ရေး စသည်ဖြင့် ခေါင်းဆောင်တွေ ချိန်ဆကြပါ။ သို့သော် အချိန်တော့အများကြီးယူလို့မရ။ ရှေ့ဘာတွေဖြစ်မလည်းအမျိုးသားညီညွတ်ရေးအစိုးရတရပ်ကတော့ မကြာမီ သင့်တော်သည့်ပုံစံဖြင့်ပေါ်လာမည်ဟု ယုံကြည် ပါသည်။

ခုရှေ့ဘာတွေဆက်ဖြစ်မလည်း၊ ဘာတွေဆက်လုပ်မလည်း။

၁။ စစ်တပ်ကို ယခုလအတွင်း အိုင်စီဂျေ၊ အိုင်စီစီ တို့တွင် တရားစွဲနိုင်အောင်ကျိုးစားပါ။

၂။ တရုတ်သည် စစ်ကောင်စီကိုကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ မြန်မာ R2P ကို လုံခြုံရေးကောင်စီတင်လျှင် ဗီတိုပေးမှာပဲဖြစ်သည်။ သူ့အိမ်ဘေးမှာ နိုင်ငံတကာတပ်တွေရှိနေတာကို တရုတ်ထောက်ခံမည်မဟုတ်။ ထို့အတွက် ကုလအထွေထွေညီလာခံကို ရောက်အောင်သာတွန်းဖို့လိုသည်။

နိုင်ငံတကာ သံတမန်၊ နိုင်ငံရေး နှင့် လူသားအထောက်အကူပြု အစီအစဥ်များ အမြန်ပြတ်အောင်ဖြတ်ပါ။ စစ်ရေးဝင်ပေးသင့်သည့် အချိန်ကို ခန့်မှန်းတွက်ချက်ထားပါ။ ဥပမာ မေလ သို့မဟုတ် ဇွန်လ စသည်ဖြင့် တိတိကျကျတောင်းဆိုစကားပြောပါ။ လက်ရှိအနေအထားသည် ၂ ဘက်စလုံးတွင် အချိန်ပြဿနာရှိသည်။

ကြာလျှင် စစ်ရေး၊ စီးပွားရေး၊ ရောဂါဘယ ဒါဏ်ကိုခံကြရဖို့ရှိသည်။

၃။ လတ်တလော တရုတ်နဲ့ အာစီယံထဲက ၄ နိုင်ငံ ဆွေးနွေးသည်။ မြန်မာအရေးနှင့် တောင်တရုတ်ပင်လယ် အရေး ဖြစ်မည်။ မြန်မာအရေးကို တွေ့ဆုံဆွေးနွေးဖို့ပဲတိုက်တွန်းမည်။ ရလဒ်မမြင်သော်လည်း ကိစ္စမရှိ၊ ဆွေးနွေးဖို့လိုလျှင် ဆွေးနွေး၊ လမ်းမှာဖြတ်သွားရမည့် ဖြစ်စဥ်တခုအဖြစ်သဘောထားပါ။ ကိုယ်လိုချင်သည့် အချက်တွေကိုသာ ပြတ်ပြတ်သားသား ရှိနေပါစေ။

၄။ အမေရိကန်စစ်ရေးလေ့ကျင့်မှု (QUAD) မနက်ဖြန်ကစပြီး ဘင်္ဂလားပင်လယ်အော်မှာ ၄ ရက်ဆက်တိုက် ရှိမည်။

အမေရိကန်က အခြားမဟာမိတ်များနှင့်ပေါင်းပြီး ယခုလအတွင်း စစ်ကောင်စီကို ပစ်ဒါဏ်ချမှတ် တာမျိုး လုပ်လာနိုင်ပါသည်။ စစ်ကောင်စီနောက်ထပ်ခြေလှမ်းတချက်မှားတာနဲ့လုပ်မှာဖြစ်သည်။ ပထမခြေလှမ်းကတော့ အမေရိကန်စင်တာကို သေနတ်နဲ့ပစ်ခဲ့တာဖြစ်သည်။

ကိုယ်ကဖိအားပေးနိုင်လျှင် ဖက်ဆစ်တပ်ရမ်းကားပုံမျိုးနဲ့ နောက်ထပ်အမှားတခုတော့ လုပ်မိမှာပဲဖြစ်သည်။ မူဆယ်တဘက်က ကြယ်ခေါင်မှာ တရုတ်တပ်တွေစုနေတဲ့ သတင်းက ပိုက်လိုင်းကြောင့်ဖြစ်နိုင်သလို၊ စစ်ရေးလေ့ကျင့်မှု ကြောင့်လည်း ဖြစ်နိုင်ပါသည်။

၅။ ကျနော်တို့မှာ ပြဿနာတွေအားလုံးကို တပြိုင်နက်ရှင်းနေရသည်။ သဘောတရားရေး၊ ညီညွတ်ရေး၊ စစ်အာဏာရှင်ပြုတ်ကျရေး၊ ဖက်ဒရယ်ဒီမိုကရေစီထူထောင်ရေးစသည်ဖြင့် ဖြစ်သည်။

ပြဿနာကို မီးခွက်ထွန်းရှာစရာလည်းမလိုသလို၊ ပြဿနာတွေကိုလည်း ကြောက်နေစရာလည်း မလိုပါ။ ဧပြီလက အလွန်အရေးကြီးလာပါသည်။ ကလစ်ကနဲ တချက်မြည်သွားလျှင် အောင်ပွဲကို ဘွားကနဲတွေ့သွားရနိုင်သည့် လမျိုးဖြစ်သည်။

ခရက်ဒစ် – ဆရာကျော်ဇောခိုင်

Credit: Photo