နွေဦးတော်လှန်ရေးမှာ ဘယ်ကိုလှူရမလဲ

နွေဦးတော်လှန်ရေးမှာ ဘယ်ကိုလှူရမလဲဆိုတာနဲ့ ပတ်သက်ပြီး အနည်းငယ် ရှင်းပြချင်ပါတယ်။ (Iris Team က CDM Supporter ဖြစ်လို့ CDM ရှုထောင့်ကနေ အသားပေးပြောပြပါရစေ)

၁) – ဝိုင်းကြီးချုပ်ပုံစံ ကိုယ့်ပတ်ဝန်းကျင်မှာ တကယ်လှုပ်ရှားပေးနေတဲ့ တစ်ဦးချင်း/အဖွဲ့များ

၂) – CRPH ရဲ့ မိတ်ဘက်အဖွဲ့အစည်းများ

၃) – CRPH တိုက်ရိုက် လို့ သုံးမျိုးသုံးစားရှိတာမှာ အကောင်းဆုံးကတော့ ၃ နေရာလုံးကို ဖြန့်လှူပါ။

ပြီးတော့ ကိုယ်က CDM ကို Support လုပ်ချင်တာလား။ ဒန်ပေါက်ချက်ရုံပဲလား။ ရေမီးအစုံလေထီးခုန်နိုင်အောင် ကော့တေးပါ တိုက်လိုက်ချင်သေးတာလား ဆုံးဖြတ်ပါ။

အမှတ်စဉ် ၁) အနေနဲ့လှူမယ်ဆို အကောင်းဆုံးကတော့ ကိုယ်ယုံကြည်ရတဲ့ Volunteer ကို လှူပါ။ ဥပမာ – CDM Support ဆိုပါစို့, သူ့ပတ်ဝန်းကျင်မှာ ဘယ်သူ CDM လုပ်လဲဆိုတာ သူအသိဆုံးဖြစ်ပါတယ်။

အဓိက က CDMer တွေရဲ့ တန်ဖိုးကို သိမြင်တဲ့သူဖြစ်ရပါမယ်။ CDMer တွေရဲ့ လိုအပ်မှု Level ကို မြင်နိုင်တဲ့သူဖြစ်ရပါမယ်။ စိတ်ပိုင်းဆိုင်ရာ လိုအပ်မှုတွေ၊ ဥပဒေရေးရာ ဗဟုသုတတွေကို ချိတ်ဆက်ပေးဖို့ သတင်းအချက်အလက်တွေကို မပြတ် စုစည်းထားရှိတဲ့သူ ဖြစ်ရပါမယ်။ CRPH ရဲ့ ညွှန်ကြားချက်တွေကို မျက်ခြေမပြတ်သူဖြစ်ရပါမယ်။

ဒါမှသာ အချိန်မရွေး မိမိတာဝန်ယူထားရာနေရာမှနေ၍ ပြည်သူ့အစိုးရရဲ့ အမိန့်တွေကို အသားတကျ ပြောင်းလဲ လိုက်နာပြီး အားဖြည့်ပေးနိုင်မှာဖြစ်ပါတယ်။ဒန်ပေါက်ချက်တဲ့ဆီဆိုလျှင်လည်း အဆာပလာတွေကို ထိထိရောက်ရောက် ကောင်းကောင်းမွန်မွန် နည်းလမ်းရှာဖွေ ချိတ်ဆက် ချက်နိုင်သူ (သို့) ချက်နိုင်သူကို သိတဲ့သူ ဖြစ်ရပါမယ်။ ဒါဆို လှူလိုက်ပါ။

အမှတ်စဉ် ၂) အနေနဲ့ CRPH ရဲ့ မိတ်ဘက်အဖွဲ့အစည်းတွေကို သိရတယ်ဆိုရင် လှူပါ။ (သို့မဟုတ်) CRPH ရဲ့ CDM Support Team Page ကနေ လှူပါ။ CRPH ရဲ့ ဒန်ပေါက် Team ကတော့ သီးသန့် Page အနေနဲ့ မထွက်လာသေးပါဘူး။

CDM Support အတွက် CRPH ရဲ့ မိတ်ဘက်အဖွဲ့အစည်းများဟာဆိုရင် ဝန်ကြီးဌာနအလိုက် တာဝန်ယူထားကြပါတယ်။ တဦးချင်းဆက်သွယ်လာသူတွေကို အရေးပေါ်ကူညီသလို CDM ဌာနအကြီးအကဲများနှင့်ချိတ်ဆက်ပြီးတော့လည်း တပြေးညီဖြစ်အောင် ကူညီနေကြပါတယ်။

မိတ်ဘက်အဖွဲ့အစည်းတွေများအဖြစ် CDM Support တွေအတွက်ပဲ သတင်းပေါ်ပေါ်ထင်ထင်ရှိနေပါတယ်။ ဒန်ပေါက်ချက်တာနဲ့ ပတ်သက်ပြီးတော့ လှူချင်ရင်တော့ တနည်းတဖုံ စုံစမ်းပါနော်။ မေးနေဖို့တော့ လိုပါတယ်။ အဖြေက ကိုယ့်အနားရောက်လာပါလိမ့်မယ်။

အမှတ်စဉ် ၃) CRPH ပေါ့။ သူက နိုင်ငံတော်ရဲ့ တရားဝင် အစိုးရ။ ဓါးပြကလည်း တိုက်ခံထားရသေးတယ်လေ။ သူ့ကို ကိုယ်တွေမှ မကူညီရင် ဘယ်သူကူမှာတုန်း။

ဒီကိုက‌တော့ မဖြစ်မနေကူရမှာပေါ့နော်။ ပြည်သူသာ အဓိက မလား။ သူကတော့ ကဏ္ဍအစုံကို ထူထောင်ရမှာဖြစ်တယ်။ CDM ကြီးပဲလည်း မဟုတ်သလို ဒန်ပေါက်ကြီးပဲ ထိုင်ချက်နေလို့လည်း မရပါဘူး။ ဓါးပြရန်ကရှောင်နေရင်းမှာ တိုင်းပြည်ရဲ့ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ လုံခြုံရေး စတာတွေကို ဆောင်ရွက်နေရပါတယ်။အလုပ်တွေက အင်မတန်များပါတယ်။ တော်တော်လည်း စိတ်ပင်ပန်းလူပင်ပန်းလုပ်နေကြရတာပါ။

လွတ်လွတ်လပ်လပ်လှုပ်ရှားနေရတာလည်းမဟုတ်တော့ အနည်းငယ် ခရီးဖင့်နိုင်ပါတယ်။ နှေးတာမဟုတ်ပါဘူးနော်။ ဓါးပြရန်ကြောင့် ခရီးဖင့်တာပါ။

နိဂုံးချုပ်ရမယ်ဆို အမှတ်စဉ် (၃) CRPH ကိုအဓိက လှူပါ။ တနိုင်ငံလုံးအရေးအတွက် မျှသုံးသွားပါလိမ့်မယ်။ ဒန်ပေါက်ချက်ချင်တာပဲဖြစ်ဖြစ်, CDM ကို ထောက်ပံ့ချင်တာပဲဖြစ်ဖြစ် CRPH လမ်းညွှန်ချက်အောက်ကနေ သွားနေတဲ့ ဒန်ပေါက်အဖွဲ့၊ CDM Support အဖွဲ့တွေကို သေချာစုံစမ်းပြီးလှူပါ။

အမှန်တကယ် အထောက်အပံ့ပေးကြဖို့ များစွာလိုအပ်နေပါသေးတယ်။ဒါကြောင့် နံပါတ်စဉ် ၁ နဲ့ ၂ ကိုလည်း လှူပါလို့ အသိပေးအပ်ပါတယ်။

၁ နဲ့ ၂ တွေ ရပ်လို့ ရတဲ့အနေအထားမျိုးရောက်ရင် Page မှာ အသိပေးကြေညာသွားမှာပါ။ CDM နဲ့ပတ်သက်တာ သိချင်တာရှိရင် Iris Page မှတဆင့်လည်း ဆက်သွယ်မေးမြန်းလို့ရပါတယ်။ သိရသလောက်ဖြေပေးပါမယ်။